ပိုင်ကျုံ ဖေဖော်ဝါရီ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက စတင်ထိုးနှံပေးခဲ့သည်။
အဆိုပါလုပ်ငန်းကို ကျေးလက်ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဦးသက်နိုင်စိုး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသည့်အပြင် အခြားလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့၏ ပုံမှန်ကာကွယ်ဆေးထိုးခြင်လုပ်ငန်းကို ယခင်လများတွင် လစဉ် ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များ၌ ထိုးနှံပေးခဲ့သော်လည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ လစဉ် ၆ ရက်နေ့နှင့် ၇ ရက်နေ့တွင် ထိုးနှံပေးခြင်းဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။
နော်ခူး(ပြန်/ဆက်)