ကန်ကြီးထောင့် ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့ နံနက် (၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက ဌာနဆိုင်ရာရုံးများသို့ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လျှပ်စစ်မီးများ အသုံးပြုရာ၌ မီးဘေးလုံခြုံရေးအလေးထားဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် မီးသတ်ဆေးဘူးများ စီစဉ်ဆောင်ရွက်ထားရှိရန်နှင့် ဖယောင်းတိုင်မီးများ၊ အမွှေး တိုင်မီးများနှင့် ခြင်ဆေးခွေများအား စနစ်တကျအသုံးပြုရန် စသည်တို့ကို သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရုံးဝန်ထမ်းများအား ဆွေးနွေးမှာကြား၍ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/ မရှိတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)