ပြည်တက္ကသိုလ်၌ ရှေးဦးသူနာပြုစုခြင်း (အခြေခံ)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပြည် ဖေဖော်ဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ် ကြက်ခြေနီအသင်း(ခွဲ)၏ ရှေးဦးသူနာပြုစုခြင်း (အခြေခံ) (၁/၂၀၂၄) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီခွဲက ပြည်တက္ကသိုလ် မဥ္ဇူဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်တက္ကသိုလ် ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာသက်လွင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး ခရိုင်ကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်းလှိုင်က ကြက်ခြေနီအသင်းကြီး ပေါ်ပေါက်လာပုံ သမိုင်းကြောင်းနှင့် အခြားသော အဆင့်မြင့်သင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဆုများ ချီးမြှင့်ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ အသီးသီး ပေးအပ်ချီးမြှင့်သည်။

အဆိုပါ သင်တန်းတွင် ခရိုင်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် နည်းပြဆရာ၊ ဆရာမများက လူနာများအတွက် အရေးပေါ်ပြုစုခြင်း နည်းလမ်းများ၊ သွေးထွက်လွန်လူနာများကို သွေးထိန်းပတ်တီးစည်းပေးနည်းများ၊ အရိုးကျိုး၊ အရိုးဒဏ်ရာများအတွက် အရေးပေါ်ပြုစုပေးသော နည်းလမ်းများစသည့် ပညာရပ်များကို စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့သည်။ အဆိုပါ သင်တန်းအား ဖေဖော်ဝါရီလ (၂)ရက်နေ့မှ (၅) ရက်နေ့အထိ (၄)ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူ (၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)