ကျောင်းကုန်း ဖေဖော်ဝါရီ ၆
၂၀၂၄ ခုနှစ်(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနဆိုင်ရာပေါင်းစုံအမျိုးသား ဘောလုံး(ဂိုးလတ်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့မအားကစားကွင်း၌ ယနေ့နံနက် ၇ နာရီခွဲ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အလေးပြုခံစင်မြင့်တွင် နေရာယူပြီး၊ စစ်ကြောင်းမှူးမှ ဦးဆောင်၍ ဘောလုံးအားကစားသမားများက အလေးပြုခဲ့ကြသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ယနေ့ကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲဟာ ဌာနအသီးသီးကို ကိုယ်စားပြုယှဉ်ပြိုင်ကြတဲ့ပွဲ ဖြစ်ကြောင်း၊ ဌာနဆိုင်ရာအသီးသီးမှ ဘောလုံးအား ကစားသမားများ အချင်းချင်းချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးဌာန တစ်ခုနှင့်တစ်ခု အပြန်အလှန်ပူးပေါင်းဆောင်ရွက်လာနိုင်စေရေး အစရှိတဲ့ ရည်ရွယ်ချက်အပြင် နိုင်ငံတော်နဲ့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနရဲ့ လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်သလို နိုင်ငံတော်မူဝါဒဖြစ်တဲ့"တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရမည်"ဆိုသော ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းမှာရှိတဲ့ ဌာနဆိုင်ရာဝန်ထမ်းလူငယ်လူရွယ်များ ဗလငါးတန် တိုးတက်ဖွံ့ဖြိုးလာစေရန်နှင့် ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင်အား ကစားသမားများ ပေါ်ထွက်လာစေရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စစ်ကြောင်းမှူးမှဦးဆောင်၍ ဘောလုံးအားကစားသမားများက သစ္စာအဓိဌာန်(၄) ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြပြီး၊ ကွင်းအတွင်းမှပြန်လည် ထွက်ခွာသွားခဲ့ကြသည်။ ကွင်းဖွင့်ပွဲတွင် စည်ပင်အသင်းနှင့် ကျန်းမာရေးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံအမျိုးသားဘောလုံး(ဂိုးလတ်)ပြိုင်ပွဲ၌အသင်း(၈) သင်းအား အုပ်စု(၂)ခုခွဲကာ ပတ်လည်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။၂၀၂၄ ခုနှစ်(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့တွင်ဗိုလ်လုပွဲယှဉ် ပြိုင်ကစားကြမည်ဖြစ်ပြီး၊ ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲဦးစီးကျင်းပ ရေးကော်မတီထံက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)