ပုသိမ် ဖေဖော်ဝါရီ ၆
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီ ဂေါက်ကလပ်(ပုသိမ်)တွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ပြိုင်ပွဲဝင်အသင်းများအား လှည့်လည်အားပေးနှုတ်ဆက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်း စစ်ဌာချုပ် တိုင်းမှူးတို့က အမှတ်(၁)တီခုံမှ Smoke Ball ရိုက်၍ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ကာ တစ်ဦးချင်းပြိုင်ပွဲအား ဆက်လက်ယှဥ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ယခုလ(၄)ရက်နေ့ ညပိုင်းတွင် ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲ အခမ်းအနားအား ဧရာဝတီဂေါက်ကလပ်(ပုသိမ်)၌ ဆက်လက်ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြိုင်ပွဲတွင် အထူးဆုရရှိသူများအား တစ်ဦးချင်းထူးချွန်ဆုများ၊ တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိသူများအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုများအသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် အကျောပေးပြိုင်ပွဲ အသင်းလိုက်ပထမ၊ ဒုတိယ၊တတိယ ဆုရရှိအသင်းများအား ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးကလည်းကောင်း၊ အကျောမဲ့ပြိုင်ပွဲ အသင်းလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိအသင်းများအား အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဧရာဝတီဂေါက်ကလပ်သို့ ဂုဏ်ပြုပံ့ပိုးငွေများ ပေးအပ်ရာ ဂေါက်ကလပ်အသင်းဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က လက်ခံရယူခဲ့ပြီး အကျောပေးပြိုင်ပွဲ အသင်းလိုက် ပထမဆုရရှိသော မြောင်းမြခရိုင်အသင်းနှင့် အကျောမဲ့ပြိုင်ပွဲ အသင်းလိုက်ပထမဆု ရရှိသော ပုသိမ်ခရိုင် အသင်းတို့အား ဆုဖလားများ ဆက်လက်ချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ဂုဏ်ပြုညစာများဖြင့် ဧည့်ခံခဲ့ကာ ပြိုင်ပွဲဝင် အသင်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)