စစ်ကိုင်းမြို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ ကျင်းပ


စစ်ကိုင်း ဖေဖော်ဝါရီ ၆

စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့သည့် သင်တန်း(၂)ခုမှ ထူးချွန်သင်တန်းသားများအား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်း ပေးအပ်ပွဲနှင့် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က အဖွင့်အမှာစကား ပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက  စီမံကိန်းလုပ်ငန်းကို စစ်ကိုင်းမြို့နယ်အတွင်း နေထိုင်ကြ တဲ့ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ရေးအတွက် အခြေခံနှင့်မွန်းမံ စက်ချုပ်သင်တန်းနှင့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတို့ဖြင့် သင်တန်း အသီးသီးမှ လုပ်ငန်းထူထောင်လိုသည့် ထူးချွန်သင်တန်းသူ(၅)ဦးစီ ရွေးချယ်၍ တန်ဖိုးငွေ ကျပ်(၁၀)သိန်းနှင့် ညီမျှသော လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း၊ လုပ်ငန်း ထူထောင်လိုသူများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကိုပါ တစ်ဖက်တစ်လှမ်းက အထောက်အကူပြုရာရောက်မှာဖြစ်တဲ့အတွက် မိမိတို့တတ်စွမ်းတဲ့ အသိပညာ၊ အတတ်ပညာများဖြင့် ဇွဲ၊ လုံးလ၊ ဝီရိယတို့ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားကာ လုပ်ငန်းသုံးပစ္စည်းများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဦးစီးအရာရှိတို့က သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ရာ သင်တန်းသူများက လက်ခံပေးခဲ့ကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကာ သင်တန်းမှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို တာဝန်ရှိသူများက လေ့လာကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။       

ဇော်မြင့်နိုင် (ပြန်/ဆက်)