စလင်း အောက်တိုဘာ ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှ ရန်ကုန်မြို့သို့ ကိုဗစ်-၁၉ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ကူညီနိုင်ရန်အတွက် သွားရောက်ကူညီမည့် ကြက်ခြေနီတပ်ဖွဲ့ဝင်(၂) ဦး အား ချီးကျူးဂုဏ်ပြုခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုပေးအပ်ပွဲတွင် မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းဆက်က ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကြက်ခြေနီတပ်ဖွဲ့ဝင် (၂)ဦးအား ပေါ့ပေါ့ဆဆ မနေကြရန် နှင့် မိမိသို့ ရောဂါပိုးမတော်တဆကူးစက်ခံရပါက ကူညီရာ မရောက်ဘဲ မိမိတို့သည် အပိုလူဖြစ်သွား မည်ဖြစ်ကြောင်းနှင့် We Love Salin ရေလှူအဖွဲ့မှ စလင်းမြို့နယ်မှ သွားရောက် ကြမည့် ကြက်ခြေနီ တပ်ဖွဲ့ဝင်(၂)ဦးအား စလင်းမြို့နယ် ကိုယ်စား သွားရောက်ကူညီမှုကို မြို့နယ်အနေဖြင့် ဝမ်းသာ ဂုဏ်ယူကြောင်း ပြောကြားခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထောက်ပံ့ငွေ (၅၀၀၀၀)ကျပ်စီနှင့် We Love Salin ရေလှူအဖွဲ့မှထောက်ပံ့ငွေ(၅၀၀၀၀) ကျပ်စီကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ရန်ကုန်မြို့သို့ စလင်းမြို့နယ်မှ ကြက်ခြေနီ တပ်ဖွဲ့ဝင်(၂) ဦးနှင့် ဆင်ဖြူကျွန်းမြို့မှ Volunteer(၂)ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။
မောင်လွင်(ပြန်/ဆက်)