ရှမ်းရွာသစ်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ရှမ်းရွာသစ် ဖေဖော်ဝါရီ ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၆) နာရီအချိန်က အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်တို့က မိဘ၊ ဆရာ၊ ကျောင်းသားများ လက်တွဲညီညီဖြင့် မိမိဒေသ၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတတ်စွမ်းသလောက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်းပြည့်ဝရေးအတွက် ဆရာ၊ ဆရာမများ၏ လမ်းညွှန်မှုများကိုလည်း ခံယူရန်လိုအပ်ကြောင်း၊ ဆရာ၊ ဆရာများသည် မိမိကျောင်းတော်ကြီး၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် အခန်းကဏ္ဍများကို စိတ်ရှည်၊ သည်းခံ၊ မေတ္တာစေတနာထားပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း စသည်ဖြင့် ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ အသီးသီးအမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများကိုလည်းကောင်း၊ လွတ်လပ်ရေးနေ့နှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းကော်မတီအဖွဲ့ဝင်များတို့က ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများက သရုပ်ဖော်တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်းသိရသည်။

ဇင်လေး(ပြန်/ဆက်)