လိပ်သိုဒေသတွင် တောင်ပေါ်ကွမ်းကြမ်းများ ဈေးနှုန်းမြင့်တက်လာ

လိပ်သို ဖေဖော်ဝါရီ ၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများကို တွဲဖက်၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဒေသထွက် တောင်ပေါ်ကွမ်းကြမ်းများမှာ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဈေးနှုန်းမြင့်တက်ရရှိလာသဖြင့် ကွမ်းကြမ်းစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကွမ်းကြမ်းများမှာ မိုင်းလွန်ကျေးရွာ၊ ငပိုးကြီး၊ ဒေဒါခို၊ လေလော်ဒေး၊ ထီးသာစော၊ လာမယ် ဖိုလီ၊ နာလောဖိုလီစသည့် တောင်ပေါ်ကျေးရွာများမှ အဓိကထွက်ရှိပြီး ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ကွမ်းကြမ်းအထုပ် (၄၀) ပါရှိသော အချိန် (၁၀)လျှင် ကျပ်(၁၈၀၀ဝိ/-) မှ  (၂၀၀၀ဝိ/-)ကျပ်အထိသာ ဈေးရရှိခဲ့သော်လည်း ဖေဖော်ဝါရီလ လဆန်းပိုင်းတွင် ကျပ် (၃၀၀၀ဝိ/-) မှ  (၃၅၀၀ဝိ/-) အထိ ဈေးနှုန်းမြင့်တက်ရရှိလာကြောင်း သိရသည်။

အဆိုပါ ကွမ်းကြမ်းများကို ကွမ်းပွဲစားများက အရွက်ခြွေပြီးသော အထုတ်ဖြင့်သော်လည်းကောင်း၊ အရွက်မခြွေရသေးသော ကိုင်းစည်းဖြင့်သော်လည်းကောင်း လာရောက်ဝယ်ယူကြပြီး ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရေတာရှည်၊ အုတ်တွင်း၊ ထန်းတပင်မြို့နယ်များသို့ ပြန်လည် ဖြန့်ချိရောင်းချကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)