မင်းဘူး အောက်တိုဘာ ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ကုန်းသာကျေးရွာက အိမ်ထောင်စု များအတွက် ကိုဗစ်-၁၉ ကာလတွင် စားဝတ်နေရေး အခက်အခဲမရှိစေရန်အတွက် အများပြည်သူ စုပေါင်းလှူဒါန်းမှုဖြင့် အခြေခံစားသောက်ကုန် (၆)မျိုး လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာ၌ သွားရောက် လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
“ကိုဗစ်-၁၉ ကာလမှာ ဒီရွာကို အဝင်အထွက် ကန့်သတ်ထားတော့ ကျေးရွာသူ/ကျေးရွာသား အားလုံးရဲ့ အခက်အခဲတွေကို ကူညီပေးနိုင်ဖို့အတွက် ကိုယ်ချင်းစာစိတ်နဲ့ အလှူရှင်အားလုံးက တစ်သွေးတည်း တစ်သားတည်း ရှိနေတဲ့သဘောနဲ့ အခုလို ကူညီမျှဝေပေးရခြင်းဖြစ်ပါတယ်။ အဲလိုကူညီမျှဝေ ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ လွတ်လပ်စွာ ပျော်ရွှင်တတ်သောမင်းဘူးအဖွဲ့ကနေ ဦးဆောင်ပြီး တော့အလှူခံလိုက်တဲ့အခါမှာ ရွာဦးဘုန်းတော်ကြီးကျောင်းအတွက် ဆန်တစ်အိတ်နဲ့ ဆီတစ်ပိဿာပုံး တစ်ပုံး၊ အိမ်ခြေ ၆၀၇ အိမ်အတွက် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ အားလူး၊ ကြာဇံ၊ ခေါက်ဆွဲ ဆိုပြီး အခြေခံ စားသောက်ကုန် (၆)မျိုးကို အများပြည်သူ စုပေါင်းလှူဒါန်းမှုနဲ့ အခုလို လာရောက်လှူဒါန်းပေးရခြင်း ဖြစ်ပါတယ်” ဟု လွတ်လပ်စွာပျော်ရွှင်တတ်သော မင်းဘူးအဖွဲ့မှ နာယက ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် ရွာဦးဘုန်းတော်ကြီးကျောင်းအတွက် ဆန်တစ်အိတ်နှင့် ဆီတစ်ပုံး၊ ကုန်းသာကျေးရွာရှိ အိမ်ခြေ ၆၀၇ အိမ်အတွက် တစ်အိမ်လျှင် ဆန် ၁ ပြည်၊ ဆီ ၃၀ ကျပ်သား၊ ငါးသေတ္တာ ၁ ဘူး၊ အာလူး ၂၅ ကျပ်သား၊ ကြာဇံ ၃ ထုပ်၊ ခေါက်ဆွဲခြောက် ၂ ထုပ်တို့ကို ပရဟိတအဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများထံ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုကို စေတနာရှင် အလှူရှင်များက စုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး စုစုပေါင်း တန်းဖိုးငွေကျပ် (၂၃) သိန်းကျော် တန်ဖိုးရှိကြောင်း လွတ်လပ်စွာပျော်ရွှင်တတ်သောမင်းဘူးအဖွဲ့မှ အတွင်းရေးမှူး ဦးပိုင်စိုးသူထံမှ သိရှိရသည်။
မောင်မောင်(မင်းဘူး)