ရန်ကုန်တိုင်းဒေသကြီးရှိ ကိုဗစ်-၁၉ ကုသရေးဌာနများတွင် တာဝန်ထမ်းဆောင်ရန် မကွေးတိုင်းဒေသကြီးမှ ကျန်းမာရေးဝန်ထမ်း(၂၅)ဦး ထွက်ခွာ

မကွေး    အောက်တိုဘာ    ၃၁

မကွေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးတက္ကသိုလ်(မကွေး)မှ လက်ထောက် ကထိကဒေါက်တာ ထက်ထက်အောင်(ဆေးပညာ)ဦးဆောင်ကာ လက်ထောက် ဆရာဝန်(၄)ဦးနှင့်အတူ အထက်တန်းသူနာပြုနှင့်သူနာပြု(၂၀)ဦး ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးရှိ ကိုဗစ်-၁၉ ကုသရေးစင်တာများတွင် တာဝန်ထမ်းဆောင်ရန် ယမန်နေ့ ည ၁၁ နာရီအချိန်က မကွေးမြို့မှ ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ လက်ထောက်ကထိက ဆရာဝန်ကြီး ဦးဆောင်သော အဖွဲ့သည် ရန်ကုန်မြို့ ကိုဗစ်-၁၉ ရောဂါကုသရေး ဌာနများဖြစ်သည့် ဒဂုံမြိုသစ် တောင်ပိုင်း၊ သုဝဏ္ဏ၊ ဒဂုံဆိပ်ကမ်းစသည့် ကုသရေး စင်တာများမှာ (၁)လတာ တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးက ရန်ကုန်မြို့ ကိုဗစ်-၁၉ ကုသရေးစင်တာတွေမှာ တာဝန်ထမ်းဆောင် နိုင်ဖို့(၅)ကြိမ်မြောက် စေလွှတ်ခဲ့တာဖြစ်ပါတယ်၊ ဒီကနေ့အထိ ရန်ကုန်တိုင်းဒေသကြီးမှာ တာဝန်ထမ်းဆောင်ဖို့ သွားရောက်ခဲ့တာ တိုင်းဒေသကြီးက ကျန်းမာရေးဝန်ထမ်း(၉၀)ဦး ကျော်ရှိပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက ပြောကြားခဲ့သည်။

သန်းနိုင်ဦး(ငဖဲ)