ဝါးခယ်မ ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာတို့ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က အ.ထ.က (ခွဲ) စက်ရုံကျောင်း၊ ကျုံမငေးမြို့၌ လူငယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီလွင်မှ လူငယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ ကလေးအလုပ်သမားအဓိပ္ပါယ်များ၊ ဗဟုသုတတိုးစေဖို့ စာဖတ်ကြပါစို့ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခြင်း၊ မြို့နယ်အားကစားမှူး ဒေါ်ဖြူနှင်းဖွေးမှ အားကစားအမျိုးအစားနှင့် အားကစားပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများ၊ အားကစားနှင့်ကျန်းမာရေးအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလူငယ်များမှ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာပေဗဟုသုတ စသည့်အကြောင်းအရာများအား ဆွေးနွေးခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင်များအား ပြသခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)