(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ဖြူး ဖေဖော်ဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ(၁၂)ရက်တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍  ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားပြီး (အ.လ.က)ခွဲ ထန်းကုန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၂၄)ဦးက" ပြည်ထောင်စုနေ့တို့မမေ့" ခေါင်းစဉ်ဖြင့် ပန်းချီရေးဆွဲ ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု(၂)ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား မြို့နယ်ဦးစီးအရာရှိနှင့် (အ.လ.က)ခွဲ ထန်းကုန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးတို့က ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအပြီးတွင် စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲများ ခင်းကျင်းပြသပေးရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖတ်မှတ်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)