ကသာမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

ကသာ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ကသာခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးခန်းမတွင် ယမန်နေ့ နံနက် (၁၂) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က ယခုဖွင့်လှစ်သည့်သင်တန်းသည် တိုင်းဒေသကြီးအစိုးရ၏ ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် သီးခြားဖွင့်လှစ်ပေးသည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းကပေးသောနည်းပညာဖြင့် ပြင်ပမိသားစုဝင်ငွေရရှိအောင် ကြိုးစားကြမည် ဆိုပါက သင်တန်းဖွင့်လှစ် ပေးရကျိုးနပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနကိုလည်း သင်တန်းသား/သင်တန်းသူ များကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းနှင့် သင်တန်းကရရှိသောနည်းပညာများဖြင့် မိမိ၏ကုန်ပစ္စည်းကို ကောင်းမွန်သော ထုတ်ပိုးမှုစနစ်ဖြင့် ဈေးကွက်ထဲတွင် ပေါက်ရောက်အောင်မြင်အောင် ကိုယ်တိုင် ထုတ်လုပ်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြရန်လိုအပ်ပါကြောင်းနှင့် တစ်ပိုင်တစ်နိုင် မိသားစုစီးပွားရေးမှ ဒေသတွင်းလုပ်ငန်းရှင်များအဖြစ် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းသို့တက်ရောက်ကြသော သင်တန်းသား/သင်တန်းသူများ ကိုယ်စားသင်တန်းသား တစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့သည်။

ထို့နောက် ကသာခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော ကိတ်မုန့်အမျိုးမျိုးနှင့် မုန့်ဖုတ်နည်း စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းမှ သင်တန်းသား/သင်တန်းသူများ ပြုလုပ်ထားသော ကိတ်မုန့်အမျိုးမျိုးနှင့် ယိုအမျိုးမျိုးတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါသင်တန်းကို (၁-၂-၂၀၂၄) ရက်နေ့မှ (၅-၂-၂၀၂၄) ထိ သင်တန်းသား/သင်တန်းသူ (၂၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျော်စွာထွန်း(ကသာ)