ပွင့်ဖြူ ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အဆင်ပြေစွာ ကောက်ယူသွားနိုင်ရေးအတွက် မြေပြင်အဆောက်အဦ မှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် လာရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးရဲထွန်းဝင်းနှင့် တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အဆင်ပြေစွာ ကောက်ယူနိုင်ရေး E Mobile Tablet စနစ်ဖြင့် အဆောက်အဦ မှတ်တမ်းတင်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်လဝကဦးစီးမှူး ဦးညွန့်ဝင်းထူးတို့က မြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေနေနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်း ဆောင်ရွက်နေသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အဆင်ပြေစွာ ကောက်ယူနိုင်ရေး E Mobile Tablet စနစ်ဖြင့် အဆောက်အဦ မှတ်တမ်းတင်ခြင်းလုပ်ငန်းအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် ၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ဝန်ထမ်းများအဖွဲ့က ကနဦး မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်ရှိ စာရင်းကောက်ယူရန် သတ်မှတ်ထားသည့် ကောက်ကွက် (၁၂) ခုကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့ ၊ အရှေ့ပိုင်းရပ်ကွက်ရှိ အိမ်ထောင်စု ၆၂ စု၊ အဆောက်အဦပေါင်း ၆၈ လုံးအား မှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ယင်း အဆောက်အဦ မှတ်တမ်းတင်ခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၁၈ ရက်နေ့မှ မတ်လ (၃၁)ရက်နေ့ အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် လဝကဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )