ပေါက်ခေါင်း ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ မွန်းလွဲပိုင်းက အခြေခံပညာမူလတန်းလွန်ကျောင်း(ရွာထောင်)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာများ၊ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သူများဖြစ်စေရန် သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ ကျောင်းစာအပြင် ပြင်ပဗဟုသုရရှိရန် စာများများဖတ်ကြရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုး အကြောင်းအရာများနှင့် ရှောင်ကြဥ်ကြရမည့် အချက်များကို ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း အဖြစ် ဒုတိယဦးစီးမှူး ဦးသိန်းထွန်းစိုးနှင့် ဝန်ထမ်းများက အသိပညာတိုးပွားစေမည့် ရုပ်ပုံပါ ပုံပြင်စာအုပ်များဖြင့် ပုံပြင်ပြောပြခြင်း၊ စာအုပ်များအား ဖတ်ရှုစေခြင်းနှင့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)