စလင်း အောက်တိုဘာ ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆင်ဖြူကျွန်း-စလင်းလမ်းမ မြောင်းမကြီးကုန်းကျေးရွာအနီးတွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်က ထနောင်းပင်ကြီး ပြိုလဲကျမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
စလင်းမြို့နယ်တွင် အောက်တိုဘာလ ၃၀ ရက်နေ့ညက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးဝန်းကျေးရွာအုပ်စု၊ မြောင်းမကြီးကုန်းကျေးရွာအနီးရှိ ထနောင်းပင်ကြီးတစ်ပင် ပြိုလဲကျမှု ဖြစ်ပေါ်ခဲ့ရာ ကားလမ်း လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး ကားများအသွားအလာပိတ်ဆို့ခဲ့ကြောင်း သိရသည်။
ဖြစ်ပွားသည့်နေရာသို့ စလင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဟိန်းဇော်လင်း ပါသန္ဓေတပ်ဖွဲ့ဝင်(၅)ဦး၊ ဆင်ဖြူကျွန်းမြို့မှ သန္ဓေတပ်ဖွဲ့ဝင်(၅)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် (၆)ဦး၊ စုစုပေါင်း(၁၆)ဦးတို့က ချိန်းဆော(၃)လက်ဖြင့် နံနက်(၁၁)နာရီခွဲတွင်အပြီး သွားရောက်ရှင်းလင်းခဲ့ကြသည်။ သစ်ပင်ပြိုလဲမှုကြောင့် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်းသိရှိရသည်။
မောင်လွင်(ပြန်/ဆက်)