မကွေး ဖေဖော်ဝါရီ ၅
လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော် ဒုတိယနေ့စာတမ်းဖတ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မကွေးတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပရာ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ တက္ကသိုလ်ဌာနအသီးသီးရှိ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက အနာဂတ်လူရည်မွန် သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးမှ လူငယ်များအနေဖြင့် အချင်းချင်းတွေ့ဆုံကြပြီး ဗလငါးတန်ပါ ခေါင်းစဉ်များအလိုက် ပွင့်လင်းမြင်သာစွာ ဆွေးနွေးကြပြီး နောက်ဆုံးအဆင့် တန်ဖိုး ကြီးမားတဲ့ ကဏ္ဍအလိုက် စာတမ်းများဖတ်ကြားတင်ပြကြကာ ယခုလို လူငယ်များ ဗလ ငါးတန်ပြည့်စုံရေး စုံညီပွဲတော်ကြီးမှတစ်ဆင့် မကွေးတိုင်းဒေသကြီးရဲ့ အနာဂတ်ကို အလှပ ဆုံး အတောက်ပဆုံး ထုဆစ်ပုံဖော်ပေးနိုင်မဲ့ စွမ်းရည်ပြည့်ဝသော လူငယ်များ ပေါ်ထွက် လာစေရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်၊၊
ထို့နောက် လူငယ်ကိုယ်စားလှယ်များက ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသည့်တို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် စာတမ်းဖတ်ကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယင်းနောက် လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော် အထိမ်းအမှတ် Logo ပြိုင်ပွဲတွင် ဆုရရှိသူများ၊ နိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီးစီး ပြိုင်ပွဲတို့တွင် ဆုရရှိသူများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန် ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ညနေပိုင်းတွင် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ဗလငါးတန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တက်ရောက်လာကြ သည့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ဂုဏ်ပြုညစာအား အတူတစ်ကွ သုံးဆောင်ကာ ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော်တွင် ပါဝင်ခဲ့ကြသည့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူများ သည် ယနေ့ နံနက်ပိုင်းတွင် မကွေးတက္ကသိုလ်မှ မိမိတို့သက်ဆိုင်ရာမြို့နယ်များသို့ ပြန်လည် ထွက်ခွာကြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက နံနက်စာ စားသောက်ဖွယ်ရာများ ဖြန့်ဝေပေးခဲ့ပြီး ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ခဲ့သည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော်ကို ကျောင်းသားကျောင်းသူများ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ မြင့်မားလာစေပြီး စာပေနှင့် အနုပညာစွမ်းအား၊ အားကစားတို့ဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး မှန်ကန်သည့် အတွေးအခေါ် အယူအဆများနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့ မှ ၄ ရက်နေ့အထိ (၂)ရက်ကြာ မကွေးတက္ကသိုလ်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)