ကျိုက်လတ်မြို့နယ် ခနောင်ရွာသစ်ကျောင်း၌ ဌာနများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ ပြုလုပ်

ကျိုက်လတ် ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို ယနေ့ နေ့လယ်(၁)နာရီက ခနောင်ကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်းကျောင်း (ခနောင်ရွာသစ်)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် မြန်မာနိုင်ငံ၏ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ကြောင်းနှင့် လွတ်လပ်ရေးရရန် အခြေပြုခဲ့သည့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှု၏ ဆိုးကျိုးများနှင့် လူကုန်ကူးမှုအကြောင်း သိကောင်းစရာများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းက စားသုံးသူ အခွင့်အရေးအကြောင်း၊ လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ အာမခံကိစ္စများ၊ စားသောက်ကုန်များနှင့်ပတ်သက်၍ ဆိုးဆေးများ၊ တာရှည်ခံဆေးများ၏ ဆိုးကျိုးများ၊ သက်တမ်းလွန် စားသောက်ကုန်များ၏ အန္တရာယ်များအကြောင်းတို့ကို သရုပ်ပြဟောပြောခဲ့ကြသည်။

ထို့နောက် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်ဌေးဌေးခိုင်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

ကျိုက်လတ်(ပြန်/ဆက်)