ကသာ ဖေဖော်ဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးဌာန၏ လမ်းညွှန်မှု၊ ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ဧရာရွှေလီအားကစားခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာစကား ပြောကြားရာ၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ကျင်းပပေးရသည့် ရည်ရွယ်ချက်ကတော့ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ထာဝရရှင်သန်ထက်မြက်စေရန်၊ စည်းကမ်းကောင်းမွန်ပြီး အရည်အချင်းပြည်ဝသော ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊ ပြိုင်ပွဲဝင်အားကစားသမားများသည် အနိုင်မခံ၊ အရှုံမမေး အားကစားစိတ်ဓာတ်အပြည်အဝဖြင့် ယှဉ်ပြိုင်ကစားကြရန် လိုအပ်ပါကြောင်း၊ စည်းမျဉ်း၊ စည်းကမ်းဘောင်ထဲကနေ ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုအပ်ပါကြောင်းနှင့် မိမိမြို့နယ်၊ မိမိခရိုင်၊ မိမိတိုင်းမှ နိုင်ငံ့ဂုဏ်ဆောင်မည့် အားကစားသမားများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း အစရှိသည်တို့ကို ပြောကြားခဲ့သည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများအနေဖြင့် အခြေခံပညာကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အခြေခံပညာကျောင်းပေါင်းစုံ ကြက်တောင်ပြိုင်ပွဲနှင့်ရိုးရာခြင်းလုံးပြိုင်ပွဲများကို ဖေဖော်ဝါရီ (၅)ရက်နေ့မှ ဖေဖော်ဝါရီ (၁၀)ရက်နေ့အထိ နေ့စဉ် ဧရာရွှေလီအားကစားခန်းမ၊ မီတာ(၄၀၀)ကွင်းအတွင်းနှင့် ဗိုလ်ချုပ်ပန်းခြံတို့တွင် ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများသို့ ကသာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၁၃၆) ဦး၊ ရိုးရာခြင်းလုံးနှင့် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲတို့တွင် အားကစားဝါသနာရှင် (၁၂၆)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိကြသူများကို ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား၌ ဆုများအသီးသီးချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာထွန်း(ကသာ)