မုံရွာ ဖေဖော်ဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ခရိုင်(၁၄)ခရိုင်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် ၁၆၄၃၁၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် ၁၅၀၀၀၀ ဧက စိုက်ပျိုးရန်လျာထားပြီး ၂၀၂၃ အောက်တိုဘာလ တတိယပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၁၆၄၃၁၂ ဧကစိုက်ပျိုးပြီးစီး၍ လျာထားချက်ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်သည့်အတွက် မိသားစုဝင်ငွေ တိုးပွားစေကာ အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ်ကြောင်း သိရသည်။
"ဆောင်းသီးနှံစိုက်ပျိုးရာသီ တိုင်းဒေသကြီးအတွင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအပါအဝင် ခရိုင်(၁၄)ခရိုင်မှာ ဟင်းသီးဟင်းရွက် ၁၅၀၀၀၀ ဧက စိုက်ပျိုးဖို့လျာထားကာ နာဂဒေသမှာ ၁၅၅၉ ဧက၊ စစ်ကိုင်းခရိုင်မှာ ၂၁၀၅၅ ဧက၊ မုံရွာခရိုင်မှာ ၂၀၈၁၄ ဧက၊ ယင်းမာပင်ခရိုင်မှာ ၁၉၂၁၅ ဧက၊ ရွှေဘိုခရိုင်မှာ ၂၄၀၂၉ ဧက၊ ကန့်ဘလူခရိုင်မှာ ၈၄၉၁ ဧက၊ ကသာခရိုင်မှာ ၁၈၅၄၆ ဧက၊ ကောလင်းခရိုင်မှာ ၄၅၂၄ ဧက၊ ကလေးခရိုင်မှာ ၁၆၆၈၄ ဧက၊ တမူးခရိုင်မှာ ၆၇၀၄ ဧက၊ ဟုမ္မလင်းခရိုင်မှာ ၃၉၁၁ ဧက၊ မော်လိုက်ခရိုင်မှာ ၆၅၃၉ ဧကနှင့် ရေဦးခရိုင်မှာ ၁၀၉၈၁ ဧက စုစုပေါင်း ၁၆၄၃၁၂ ဧက စိုက်ပျိုးပြီးစီးပါပြီ။ ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချကြတဲ့အတွက် မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းကနေ တိုးတက်ရရှိစေမှာပဲ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုကို လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ဖို့အပြင် စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပိုးမွှားရောဂါကျရောက်ဖျက်ဆီးမှုကို ကာကွယ်ဖို့နဲ့ စားသုံးသူတွေ ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက် နည်းပညာတွေနဲ့ တခြားပံ့ပိုမှုတွေကို မိမိတို့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် စိုက်ပျိုးရေးဦးစီးဌာနမှာရှိတဲ့ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိပါတယ်" ဟု တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ပြောပြသည်။
စစ်ကိုင်းတိုင်းဒေသကြီး နာဂပိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ခရိုင်(၁၄)ခရိုင်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် ၁၆၄၃၁၂ ဧက စိုက်ပျိုးရာ နံနံ၊ ခရမ်းချဉ်၊ ခရမ်း၊ ချဉ်ပေါင်၊ ဗူး၊ ရုံပတီး၊ ဂေါ်ဖီ၊ ပန်းမုန်လာ၊ တိုင်ထောင်ပဲ၊ ပဲတောင့်ရှည်၊ ကန်စွန်း၊ သခွား၊ ကြက်ဟင်းခါး၊ ခဝဲ စသည့် သီးနှံများစိုက်ပျိုးခဲ့ကြောင်း၊ အဆိုပါသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် ပိုးမွှားအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်ရေးတို့အား မိမိတို့တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းပြီး တောင်သူများကို အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ပေးကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ခရိုင်(ပြန်/ဆက်)