ကျိုက်လတ် ဖေဖော်ဝါရီ ၅
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ခနောင်ကျေးရွာအုပ်စု၊ ခနောင်(၁) ရွာမကျောင်း၌ ယနေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန် မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ အကြောင်းများ၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ မူးယစ်ဆေးဝါး သုံးစွဲမှု၏ ဆိုးကျိုးများနှင့် လူကုန်ကူးမှုအကြောင်း သိကောင်းစရာများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းက စားသုံးသူ အခွင့်အရေးအကြောင်း၊ စားသောက်ကုန်များနှင့် ပတ်သက်၍ ဆိုးဆေးများ၊ တာရှည်ခံဆေးများ၏ ဆိုးကျိုးများ၊ သက်တမ်းလွန် စားသောက်ကုန်များ၏ အန္တရာယ်များအကြောင်းတို့ကို သရုပ်ပြဟောပြောခဲ့ကြသည်။
ထို့နောက် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းလှိုင်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်