ငဖဲ ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ကျောင်းပြင်ပ အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ နေ့ထူးနေ့မြတ်များ သိရှိစေရန်နှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ဇီးတောကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ဇီးတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဌေးက အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများ၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ ကလေးများအတွက် ဗလငါးတန်ဆိုင်ရာ သိကောင်းစရာများ၊ ကျောင်းသား/သူများ အသိပညာ ဗဟုသုတ တိုးပွားရေးအတွက် စာပေဖတ်ရှုရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြား၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဟန်နီထွန်းက လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကို ကျောင်းသား ကျောင်းသူများအား အသိပညာပေး ပြောကြားသည်။
ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ဆက်ဦးစီးမှူးနှင့် လူမှုဝန်ထမ်းဦးစီးမှူးတို့မှ ဆွေးနွေးပြောကြားခဲ့သည့် အကြောင်းအရာများကို ပြန်လည်မေးမြန်းပြီး ဖြေဆိုနိုင်သူ ကျောင်းသား/သူ ၃ ဦးအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်းနှင့် အသိပညာပေး ဟောပြောပွဲသို့ ဇီးတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်း အုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဌေးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၁၃၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)