စလင်းမြို့နယ်တွင်းရှိ ကျေးရွာ(၁၂)ရွာအား NEP စီမံကိန်းအရ လျှပ်စစ်မီးဖွင့်ပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ တက်ရောက်ဖွင့်လှစ်

စလင်း အောက်တိုဘာ ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာအား မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့်အဖွဲ့သည် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားများကို ယမန်နေ့ နံနက်(၈)နာရီအချိန်က မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက် ဖွင့်လှစ်ပေးခဲ့သည်။

စလင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများအား မြို့ကြီးများနည်းတူ လျှပ်စစ်မီးရရှိရေးအတွက် ဦးစားပေး ဆောင်ရွက် လျက်ရှိရာ ကျေးရွာ (၁၂) ရွာအား NEP စီမံကိန်းအရ ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားများတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတာ၊ ခရိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက် ရဲမှူးဝင်းသန်း၊ သက်ဆိုင်ရာ လျှပ်စစ်မန်နေဂျာများနှင့် ကျေးရွာအသီးသီးမှ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက် ဖွင့်လှစ် ပေးခဲ့သည်။ လျှပ်စစ်မီး ဖွင့်လှစ်ပေးသည့် ကျေးရွာများမှာ ကြက်သကိုင်ကျေးရွာတွင် 100KV ထရန်စဖော်မာတစ်လုံး၊ မင်းတဲကျေးရွာတွင် 50KV ထရန်စဖော်မာတစ်လုံး၊ ပန်တော်ကျင်း ကျေးရွာတွင် 100KV ထရန်စဖော်မာတစ်လုံး၊ ပေါင်းဆည်ကျေးရွာတွင် 200KV ထရန်စဖော်မာတစ်လုံး၊ ခြင်တောင်ကျေးရွာ တွင် 50KV ထရန်စဖော်မာတစ်လုံး၊ မန်ကျည်းပင်ပုကျေးရွာတွင် 100KV ထရန်စဖော်မာတစ်လုံး၊ ကံဆွယ် ကျေးရွာတွင် 160KV ထရန်စဖော်မာတစ်လုံးနှင့် ထူးကြီး၊ တပ်ကုန်း၊ ညောင်လှ၊ မြောင်းဘောင်နှင့် နေပူကန် ကျေးရွာတွင် 100KV ထရန်စဖော်မာ တစ်လုံးစီတို့တပ်ဆင်ပေးခဲ့ပြီး လျှပ်စစ်မီးဖွင့်ပွဲများကို (၁၅)နာရီအတွင်း အောင်မြင်စွာဖွင့် လှစ်ပေးခဲ့ပြီး ကျေးလက်ပြည်သူများနှင့် အမှတ်တရမှတ်တမ်း ဓာတ်ပုံများရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မောင်လွင်(ပြန်/ဆက်)