ပွင့်ဖြူမြို့နယ် လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်း ကျေးရွာချင်းဆက်လမ်းအား ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေစေရန် သံကူကွန်ကရစ်တံတားတည်ဆောက်နေမှုအား အချိန်မီပြီးစီးရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပွင့်ဖြူ ဖေဖော်ဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်းကျေးရွာသို့ ဆက်သွယ်သွားလာသည့် ကျေးရွာချင်းဆက်လမ်းအား ဒေသခံပြည်သူများ ရာသီမရွေးသွားလာရေး အဆင်ပြေစေရန်အတွက် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် တံတားအရှည်ပေ (၆၀) သံကူကွန်ကရစ် တံတားတစ်စင်း အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ဖေဖော်ဝါရီ (၅) ရက်၊ နံနက် (၁၁) နာရီက မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိမိလွင်နှင့် တာဝန်ရှိသူများက အချိန်မီတည်ဆောက်ပြီးစီးရေး  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဒေါ်မိမိလွင်နှင့် တာဝန်ရှိသူများသည်  ဒေသခံကျေးလက်နေပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ၊ ပြည်ထောင်စုရန်ပုံငွေ (၁၉၆) ဒသမ (၄၀) သန်းဖြင့် ပွင့်ဖြူမြို့နယ် လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်း ကျေးရွာချင်းဆက်လမ်းတွင် အရှည်ပေ (၆၀) သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးရာ တင်ဒါစနစ်ဖြင့် တာဝန်ယူတည်ဆောက်သည့် သုခစုလျှံဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက တံတားတည်ဆောက် နေမှုလုပ်ငန်း (၇၀) ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပစ္စည်းစုဆောင်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တာဝန်ရှိသူများက တံတားတည်ဆောက်နေမှုလုပ်ငန်းနှင့် စပ်လျဉ်းပြီး ဒေသခံပြည်သူများ ရေရှည်အသုံးပြု သွားလာနိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ပွင့်ဖြူမြို့နယ် လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်း ကျေးရွာချင်းဆက်လမ်းတွင် အကောင်အထည်ဖော် ဆောက်လုပ်လျက်ရှိသည့် အရှည်ပေ (၆၀) သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တင်ဒါအောင်မြင်သည့် သုခစုလျှံကုမ္ပဏီက ဇူလိုင်လ (၁၄) ရက်နေ့ကစပြီး တာဝန်ယူ တည်ဆောက်ခဲ့ရာ လက်ရှိတွင် တံတားဆောက်ပြီးစီးမှု (၇၀) ရာခိုင်နှုန်းခန့် ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ ယင်း သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ၊ ရွှေလှေကျေးရွာ၊ ထနောင်းကုန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံကျေးလက်နေပြည်သူများ တစ်ရွာနှင့်တစ်ရွာ ရာသီမရွေး ကူးလူးဖြတ်သန်းသွားလာနိုင်မည့်အပြင် လယ်ယာမြေစိုက်ခင်းများမှ ထွက်ရှိသော ဒေသထွက်ကုန် သီးနှံများကိုလည်း ဈေးကွက်သို့ လွယ်လင့်တကူ သယ်ယူပို့ဆောင် ရောင်းချနိုင်မည်ဖြစ်၍ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးရှိစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဒေါ်မိမိလွင်က ပြောကြားသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )