ပွင့်ဖြူ ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လယ်ကိုင်းနယ်မြေမီးသတ်စခန်းရှိ အာရ်စီနှစ်ထပ်မီးသတ်စခန်းရုံး အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက်၊ ယနေ့နံနက် ၈ နာရီက အဆိုပါနယ်မြေမီးသတ်စခန်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအတွက် မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစတဲ့ လုပ်ငန်းများဆောင်ရွက်နိုင်စေဖို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် ၂၃၈ ဒသမ ၉၀ သန်းဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေး အထောက်အကူပြုစေရန် အားကိုးအားထားပြုနိုင်မည့် လယ်ကိုင်းနယ်မြေမီးသတ်စခန်း အာရ်စီနှစ်ထပ်မီးသတ်ရုံးအဆောက်အဦအား တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလိုနယ်မြေမီးသတ်စခန်းအဆောက်အဦများ တိုးချဲ့ဆောက်လုပ်ပေးခြင်းဖြင့် ဒေသခံပြည်သူ များ၏ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန် တုန့်ပြန်ဖြေရှင်းဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒေသခံရပ်မိရပ်ဖတစ်ဦးမှ နယ်မြေမီးသတ်စခန်းအဆောက်အဦသစ် ဆောက်လုပ်ပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ဆောက်လုပ်ပြီးစီးသည့် လယ်ကိုင်းနယ်မြေမီးသတ်စခန်းအဆောက်အဦအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်၊ လူမှုရေးရာဝန်ကြီး ဦးရဲထွန်းဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးလှိုင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ယင်းနောက် ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူလေးများက ဆင်အက၊ အိုးစည်ဒိုးပတ်အက ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာနယ်မြေ၌ ဆောက်လုပ်ပြီးစီးသည့် လယ်ကိုင်းနယ်မြေမီးသတ်စခန်းရုံး အာရ်စီနှစ်ထပ်မီးသတ်အဆောက်အအုံသစ်မှာ အလျား ၄၅ ပေ၊ အနံ ၅၀ ပေ၊ အမြင့် ၂၆ ပေရှိပြီး မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် ၂၃၈ ဒသမ ၉၀ သန်းဖြင့် BILLION LANDS ဆောက်လုပ် ရေးကုမ္ပဏီမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အောင်မြင်စွာ တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။
ယခုအခါ လယ်ကိုင်းနယ်မြေမီးသတ်စခန်းရုံး အဆောက်အအုံသစ်တည်ဆောက်ပြီးစီးသွားပြီဖြစ်၍ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးရေးနှင့် ဒေသတွင်း ကြုံတွေ့လာသည့် မီးဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး အချိန်နှင့်တစ်ပြေးညီ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တုံ့ပြန်ကူညီဖြေရှင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)