ပွင့်ဖြူ ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ ကုန်းဇောင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်လင်းရာသီကာလ ဒေသခံပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်၏ ကြီးကြပ်မှုဖြင့် ကုန်းဇောင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ကုန်းဇောင်းကျေးရွာအုပ်စုရှိ စိန်ပန်းကုန်းရပ်ကွက်ရပ်နှင့် စက်တန်းရပ်ကွက်ရှိ ဒေသခံပြည်သူများ၏ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်ကာ ပွင့်လင်းရာသီချိန် ရောက်ရှိလာပြီဖြစ်၍ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ကြရန်၊ လျှပ်စစ်မီးများ အသုံးပြုရာတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် စနစ်တကျ ကိုင်တွယ်သုံးစွဲကြရန်၊ ထင်း/မီးသွေးမီးဖိုများဖြင့် ထမင်းဟင်းများ ချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များကို သေချာစွာ ငြှိမ်းသတ်ထားရှိရန်စသည့် မီးဘေးလုံခြုံရေးဆိုင်ရာ လိုက်နာရမည့်အချက်များကို ဒေသခံပြည်သူများကို အသိပညာပေး ဆွေးနွေးပြောကြားပြီး လူနေအိမ်များတွင် မီးဘေးလုံခြုံစိတ်ချရမှုရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ပွင့်လင်းရာသီကာလ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးလောင်မှု/ မီးလန့်မှုဖြစ်စဉ်များ လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်၏ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ဥပဒေပုဒ်မ ၁၆ (က) အရ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် မီးဘေးလုံခြုံရေး ကြပ်မတ် စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်က ပြောကြားသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )