ချောက် ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU) မှ အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာခရိုင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ခေါင်းဆောင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဌေးကျော်က အဖွင့်အမှာစကားပြောကြားရာတွင် အဂတိလိုက် စားမှုသည်နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန်အတားဖြစ်စေပြီး ကိုယ်ကျင့်တရား ပျက်ယွင်းခြင်းသာဖြစ်ကြောင်း၊ ပြည်သူကိုဝန်ဆောင်မှုပေးနေသည့်ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့်လည်း ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျစေမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် အရေးယူအပြစ်ပေးခြင်းခံရပါက မိမိနှင့်မိမိပတ်ဝန်းကျင်၊ မိမိမိသားစု၏ ဂုဏ်သိက္ခာကျဆင်းစေပြီး လူမှုရေးအရလည်း ထိခိုက်နစ်နာမှု ဖြစ်ပေါ်မည်ဖြစ်ကြောင်း၊ “ကာကွယ်ခြင်းသည်ကုသခြင်း ထက်ကောင်းသည်” အဆိုရှိသည်နှင့်အညီ အဂတိလိုက်စားမှု မဖြစ်ပေါ်စေရေးအတွက် ကြိုတင်တားဆီးကာကွယ်သည့်အနေဖြင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကုန်သည်ကြီးများ၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များ၊ အဖိုးတန်သတ္ထု (ရွှေ) လုပ်ငန်းရှင်များ၊ တည်းခိုခန်းပိုင်ရှင်များ သိရှိရန်အတွက် ယခုကဲ့သို့ အသိပညာပေးဟောပြောပွဲကိုဆောင်ရွက်ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ ဥပဒေ၊ ပုဒ်မများနှင့်အရေးယူမှု အပိုင်းများကိုလည်းကောင်း၊ ခရိုင်အဂတိလိုက်စားမှုတား ဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဒေါ်အေးအေးချမ်းကအဂတိလိုက် စားမှုပုံစံများနှင့်အမျိုးအစားများ၊ အဂတိ လိုက်စားမှုကြောင့်ဖြစ်ပေါ်သည့်နစ်နာမှုများနှင့် အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များ၊ ဥပဒေအကြောင်းအရာများကိုလည်းကောင်း၊ ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)အဖွဲ့ဝင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးစန်းဝင်းက အဂတိလိုက်စားမှုများအား တားဆီးကာကွယ်ရေးနည်းလမ်းများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအကြောင်းအရာများကိုလည်းကောင်းအသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။
ယင်းနောက်ခရိုင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ခေါင်းဆောင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးကျော်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ ချောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့်အဖွဲ့ဝင်များ၊ ချောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကုန်သည်ကြီးများ၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များ၊ အဖိုးတန်သတ္ထု(ရွှေ)လုပ်ငန်းရှင်များ၊ တည်းခိုခန်းပိုင်ရှင်များ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)