သရက်ချောင်းမြို့နယ်၊ ပန်းတော(မူလွန်)ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

သရက်ချောင်း ဖေဖော်ဝါရီ ၅

ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က သရက်ချောင်းမြို့၊ (အ-မ-က)ပန်းတော မူလွန်ကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ အဆိုပါဟောပြောပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားပြီး သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးမိုအေးက ကလေးအလုပ်သမားပပျောက်ရေးအကြောင်း အသိပညာ‌ပေးဆွေးနွေးခြင်း၊ (CRC)နှင့် မြန်မာနိုင်ငံကလေးသူငယ် ဥပဒေသမိုင်းအကြောင်း၊ (CRC) အခြေခံမူ(၄)ရပ်အကြောင်း၊ (CRC) အခွင့်အရေး(၄)မျိုး၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေများအကြောင်းကို ကျောင်းသား/သူများ သိရှိနားလာစေရန် အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ နေ့ထူးနေ့မြတ်အကြောင်း၊ တိုင်းရင်းသားလူမျိုးစုများအကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းကို ကျောင်းသား/သူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ပြီးနောက် (အ-မ-က)ပန်းတော မူလွန်ကျောင်းအုပ်ဆရာကြီး ဦးဆန်းမင်းက ကျောင်းသား/သူများအား ကျောင်းစည်းကမ်းများနှင့် ဆရာ/ဆရာမများ၏ ဆုံးမစကားများကို လိုက်နာကြရန်နှင့် ကျောင်းသား/သူများအချင်းချင်း အားနည်းသူကို ဖေးမကူညီကြရန် တိုက်တွန်းပြောကြားကာ အခမ်းအနား ရုတ်သိမ်းလိုက်သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်  ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး နံရံကပ်စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)