ဟင်္သာတ ဖေဖော်ဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ ဓမ္မဗိမာန်ကျောင်းလမ်းရှိ ဓမ္မဗိမာန်ကျောင်းတိုက်တွင် ဝိဇ္ဇာသမ္ပဒါ စာကြည့်တိုက် (ဧရာဝတီ) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ကိုယ်စား ပေါက္ကံဆရာတော် ဘဒ္ဒန္တအဂ္ဂါစိဏ္ဏ (မဟာဓမ္မာစရိယ MA) မှ ဝမ်းမြောက်စကားမိန့်ကြားပြီး NOBLE ပရဟိတဦးဆောင် ဓမ္မဗိမာန်စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာအရှင်ဉာဏာလင်္ကာရမှ စာကြည့်တိုက်ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ဩဝါဒစကားမိန့်ကြားခဲ့သည်။ ထို့နောက် ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းက စာကြည့်တိုက်ဖွင့်လှစ်နိုင်ခဲ့မှုနှင့် ပတ်သက်၍ ဝမ်းမြောက်စကားပြောခြင်း၊ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်းကောင်း ၊ဓမ္မဗိမာန်သာသနာပြု အသင်းဥက္ကဋ္ဌ ဆရာဦးတင်ရှိန်တို့မှလည်းကောင်း စာကြည့်တိုက်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အမှတ်တရစကားများ အသီးသီးပြောကြားပေးခဲ့ကြပြီး အခမ်းအနား ပထမပိုင်းအစီအစဥ်ကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါစာကြည့်တိုက်တွင် သုတစာအုပ်၊ ရသစာအုပ်၊ ဘာသာရေးသာသနာရေးနှင့် ပတ်သက်သော စာအုပ်များ၊ သတင်းစာမဂ္ဂဇင်း၊ ဂျာနယ်စုစုပေါင်း စာအုပ်မျိုးစုံ ၂၅၀၀၀ ကျော်ရှိပြီး စာကြည့်တိုက်ကို နေ့စဥ်နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနား ဒုတိယပိုင်းတွင် မြို့ပေါ်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် စာကြည့်တိုက်ဖွင့်ပွဲသို့ ဆရာတော်သံဃာတော်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ စာကြည့်တိုက်ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စာရေးဆရာများနှင့် စာပေချစ်မြတ်နိုးသူများ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)