လွိုင်ကော်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ကုသပေးလျက်ရှိသော ကိုဗစ် - ၁၉ ရောဂါပိုးတွေ့လူနာတစ်ဦးအား ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ပြု

လွိုင်ကော် အောက်တိုဘာ ၃၁

ကယားပြည်နယ်၊ လွိုင်ကော်မြို့၏ ပထမဆုံး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာဖြစ်သည့် ဒေါဥခူရပ်ကွက်မှ အသက်(၃၅)နှစ်အရွယ် အထက်တန်းသူနာပြု ဆရာမတစ်ဦးအား မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကုသပေးလျက်ရှိပြီး ၎င်း၏ ဓာတ်ခွဲနမူနာများကို သတ်မှတ်ရက်အလိုက်စစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ (ပိုးမတွေ့) ဖြစ်ကြောင်းနှင့် သတ်မှတ် Quarantine ဝင်ရောက်ရက်စေ့၍ ကျန်းမာရေးကောင်းမွန်သဖြင့် ၎င်းအား ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ပြု လိုက်ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ လူနာအား ၎င်း၏နေအိမ်တွင် Home Quarantine အဖြစ်(၇)ရက် ဆက်လက်နေထိုင် စေမည်ဖြစ်ကြောင်းနှင့် ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်နှင့် တာဝန်ရှိသူတို့က ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်သွားရန် မှာကြားပြီး အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

ယနေ့အထိ လွိုင်ကော်မြို့နယ်တွင် ပိုးတွေ့အတည်ပြုလူနာ(၇)ဦးရှိပြီဖြစ်ပြီး ယခု ဆေးရုံမှဆင်းခွင့်ရသူ အသက်(၃၅)နှစ်အရွယ် အထက်တန်းသူနာပြုဆရာမသည် ကိုဗစ်-၁၉ရောဂါ သက်သာပျောက်ကင်း၍ ပထမဦးဆုံး ဆေးရုံမှ ဆင်းခွင့်ရသူဖြစ်ကြောင်း သိရ သည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)