မြန်အောင် ဖေဖော်ဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ထုတ်ကုန်လုပ်ငန်း တစ်ခု ဖြစ်သည့် မြန်အောင်မြို့ ဟင်္သာနှစ်ကောင်အမှတ်တံဆိပ် “သမားကျော်” တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေးကုခန်းမှ တိုင်းရင်းဆေး ဆရာမဒေါ်သန်းသန်းနိုင် (တဆ ၀၁၉၃၄)နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ဆရာမ မင်္ဂလာပါခင်ဗျာ
မေး ။ ။ “သမားကျော်” တိုင်းရင်းဆေးဝါးစတင်ထုတ်လုပ်ခဲ့ပုံနဲ့ စျေးကွက်တွင် ဖြန့်ဖြူးရောင်းချနေသော ဆေးများကို ပြောပြပေးပါခင်ဗျ။
ဖြေ ။ ။“သမားကျော်”အစ အခိုးပွင့်ဆေးကလို့ပြောလို့ရပါတယ်။ ဘိုးဘွားအစဥ်အဆက် သုံးစွဲခဲ့တဲ့ အိမ်သုံးဆေးတစ်လက်ဖြစ်ပါတယ်။ ဖျားနာကိုက်ခဲကိုယ်ပူရင် ဆိုင်မှာစျေးဝယ်ကြတဲ့သူတွေကို လက်ဆောင်ပေးပါတယ်၊ သက်သာသွားတဲ့ အမေကြီးတစ်ယောက်က “သမားတော်” ဆေးထုတ်လေးရောင်းပေးပါပြောတယ်။ ဆိုင်မှာသမားတော်ဆေးထုတ်မရှိဘူးပြောတော့ အဲ့အမေကြီးက လက်ဆောင်ပေးတဲ့ အနီရောင်အထုတ်လေးကို ပြောတာပါလို့ပြောတယ်။ အဲဒါနဲ့ ဆေးကိုတော့ နာမည်လာပေးနေပြီ ဖေဖေနာမည်က ဦးကျော်တင့်မို့ကျော်ကိုယူပြီး “သမားကျော်" ဆိုတဲ့အမည် ပေးခဲ့ပြီး ၂၀၀၀ ခုနှစ်ကစပြီး တိုင်းရင်းဆေးဝါးမှတ်ပုံတင်ပြီး ထုတ်လုပ်ခဲ့ပါတယ်။
ယခုအခါမှာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် TMR-013860(1126)၊ TMR-006396(1126)၊ TMR-013528(1126)၊ TMR-013939(1126)၊ TMR-013470 (1126)ဖြင့် အာရုံကြောအားတိုးဆေး၊ အခိုးပွင့်ဆေး၊ လေပုပ်ထုတ်ဆေး၊ နှလုံးအားတိုးဆေး၊ အကြောပြေလိမ်းဆေးတို့ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေပါတယ်။
ဟင်္သာနှစ်ကောင်အမှတ်တံဆိပ် “သမားကျော်” အမည်နဲ့ တိုင်းရင်းဆေးဝါး မှတ်ပုံတင်ထုတ်လုပ်ခဲ့တာ နှစ်ပေါင်း (၂၀)ကျော်ခဲ့ပါပြီ။ အခုလက်ရှိ ကျီးပေါင်း လိမ်းဆေး၊ အစာအိမ်ဆေး၊ အဆုတ်အားဆေး၊ သွေးညှိဆေး၊ ရင်လူးဆေး၊ အပူငြိမ်းသွေးသန့်ဆေး အစရှိတဲ့ ဆေးအမျိုးပေါင်း(၃၀)ကျော်ကို သမားကိုင်အနေနဲ့ ထုတ်လုပ်ထားပါတယ်။
နောက်ထပ် “သီရိခင်” စားသောက်ကုန်လုပ်ငန်းမှ ရှားဇောင်းလက်ပတ်ယို၊ အပူငြိမ်းမကျီးယို၊ ပျားရှောက်သံပုရာပေါင်း စတဲ့စားသောက်ကုန် လုပ်ငန်းကို တိုးချဲ့ထားပါတယ်။
မေး။ ။ယခုထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတဲ့ တိုင်းရင်းဆေးဝါးများနဲ့ ဆေးကုသပေးမှုရယ်၊ အများဆုံးရောင်းချရတဲ့ တိုင်းရင်းဆေးနဲ့ ဆေးခန်းလိပ်စာ ပြောပြပေးပါခင်ဗျ ။
ဖြေ။ ။မြန်အောင်မြို့ အမှတ်(၄)ရပ်ကွက် တာဝတိံသာဘုရားလမ်း(၁)လမ်းထိပ် နေအိမ်တွင် တိုင်းရင်းဆေးခန်းဖွင့်လှစ်ဆေး ကုသပေးလျက်ရှိပြီး ဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေပါတယ်၊ နောက်ထပ်ကျန်းမာရေးဆေးဆပ်ပြာနဲ့ အခြားဆေးဝါးအသစ်များကို ထုတ်လုပ်ပြီး ဆေးဝါးမှတ်ပုံတင်ရန် ဆောင်ရွက်နေပါတယ်။
နေအိမ်ဆေးကုခန်းတွင်လည်း ကလေးလူနာများ၊ အမျိုးသမီးများနဲ့ သက်ဆိုင်သောရောဂါများ၊ အာရုံကြောရောဂါ၊ ယားနာအမျိုးမျိုး၊ အနာပေါက်ဆိုင်ရာ ရောဂါများနှင့်အထွေထွေရောဂါများကို ကုသပေးလျက်ရှိပါတယ်၊
ယခုလိုဖြေကြားပေးသည့်အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။
မြန်မာ့တိုင်းရင်းဆေးဖြင့် (MSMEs) ထုတ်ကုန်လုပ်ငန်းတစ်ခုအဖြစ် မြန်အောင်မြို့နယ်မှ ဟင်္သာနှစ်ကောင်အမှတ်တံဆိပ် “သမားကျော်” တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးအကြောင်း ရေးသားတင်ပြလိုက်ပါသည်။
ဝင်းဗိုလ်(ပြန်/ဆက်)