မယ်စဲ့ အောက်တိုဘာ ၃၁
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့် အထက် သက်ကြီး ရွယ်အိုများ၊ ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်ရန်အတွက် အမှန်တစ်ကယ် လိုအပ်သူများ၊ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ကြိုတင်မဲပေးခြင်းလုပ်ငန်းကို ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ယမန်နေ့ နံနက်မှ စတင်၍ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄)အုပ်စုရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကြိုတင် ဆန္ဒမဲပေးရာတွင် အသက်(၆၀)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ လာရောက်ဆန္ဒမဲပေးလျက်ရှိပြီး မလာရောက်နိုင်သည့် သက်ကြီးရွယ်အိုများအတွက် မဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များ က အိမ်တိုင်ရာရောက် လိုက်လံကောက် ယူလျက်ရှိသည်။
မယ်စဲ့မြို့နယ်တွင် မဲရုံပေါင်း(၉)ရုံ၊ မဲပေးပိုင်ခွင့်ရှိသူပေါင်း(၅၂၇၅)ရှိပြီး နိုင်ငံရေးပါတီ(၇)ခုမှ လွှတ်တော် ကိုယ်စားလှယ်လောင်း(၂၃) ဦး၊ တစ်သီးပုဂ္ဂလ(၂) ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)