လိပ်သိုမြို့တွင်  HPV  သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

လိပ်သို  အောက်တိုဘာ ၃၁

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ တွင် အသက် ၉ နှစ် မှ ၁၀ နှစ် မကျော်သေးသော အမျိုးသမီးငယ်များအား  HPV  သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေးထိုးနှံရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်က တိုက်နယ် ကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် လိပ်သိုမြို့ တိုက်နယ်ပြည်သူ့ဆေးရုံမှ တာ၀န်ခံဆရာ၀န် ဒေါက်တာဇေယျာဦးက အမျိုးသမီးများ တွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားလာနိုင်သည့်  အကြောင်းအရာများ၊  HPV ရောဂါ ကူးစက်နိုင်ချေရှိသည့် နည်းလမ်းများ၊ ရောဂါလက္ခဏာများအကြောင်းနှင့် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများကို အသိပညာပေး   ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  လိပ်သိုမြို့ အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်မှ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းကို အဆင်ပြေ ချောမွေ့စွာ လုပ်ဆောင် နိုင်ရန်  စသည်တို့ကို အကြံပြု ဆွေးနွေးခဲ့ ကြောင်း သိရသည်။ ဆက်လက်ပြီး ကာကွယ်ဆေး ထိုးနှံမည့် လုပ်ငန်းအစီအစဉ်အား  လိပ်သိုမြို့ပေါ် (၆) ရပ်ကွက်နှင့် အနီး ပတ်၀န်းကျင် ကျေးရွာများရှိ အသက် ၉ နှစ် မှ ၁၀ နှစ် မကျော်သေးသော အမျိုးသမီးငယ်များ အား လာမည့် နို၀င်ဘာ ၂  ရက်နေ့မှ ၅ ရက်နေ့ အထိ ကာကွယ်ဆေးများကို အပြီးထိုးနှံပေး သွားမည်ဖြစ်ကြောင်း  ကျန်းမာရေးဆရာမ ဒေါ်ပြုံးပြုံးအောင် ထံမှ သိရပါသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)