ပုသိမ် ဖေဖော်ဝါရီ ၅
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက် မဟာဘောဂလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ တက်ရောက် ဖွင့်လှစ် ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးထံသို့ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌတို့က လမ်းဖွင့်ပွဲအထိမ်းအမှတ် အလံများပေးအပ်ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကွန်ကရစ်လမ်းသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယနေ့ ဖွင့်လှစ်သည့် ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ မဟာဘောဂလမ်းသည် အတိုင်းအတာအားဖြင့် အရှည် (၃၃၈)ပေ၊ အကျယ် (၂၄)ပေ၊ ထု (၈)လက်မရှိပြီး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကြံခင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေဖြင့် ဆောင်ရွက်သော လမ်းဖြစ်ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံခင်းမြို့နယ်၊ မြိူ့မရပ်ကွက်နှင့် ရွာသစ် ရပ်ကွက်ရှိ မြေနုကျွန်းများပေါ်တွင် ဆိုလာစနစ်ဖြင့် ဆီထွက်သီးနှံ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုး စုစုပေါင်းစိုက်ဧက (၈၆၂)ဧက၌ စိုက်ပျိုးထားသည့် သီးနှံအမျိုးမျိုး အောင်မြင်ဖြစ်ထွန်းနေမှုများနှင့် နွေနှမ်းထပ်မံစိုက်ပျိုးမည့် ဧက(၈၀)ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ တောင်သူ ဦးအောင်သူနှင့် တောင်သူ(၁၀)ဦး၏ တစ်ဆက်တစ်စပ်တည်း ဆင်းရွှေကြာ-၂ ဧက (၅၀)စိုက်ခင်း၊ တောင်သူ ဦးအောင်သန်း၏ Super sun - 41 (၁) ဧကစိုက်ခင်းနှင့် မြို့မကျေးရွာ၊ တောင်သူဦးထွန်းလင်း၏ ဆင်းရွှေကြာ-၂ (၁၂)ဧက စိုက်ခင်းတို့အား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နေကြာခူးနေကြပြီဖြစ်၍ အစေ့အဆံ အောင်အပွင့်များကို စနစ်တကျရွေးချယ်၍ မျိုးစုဆောင်းကြရန်၊ နေကြာမျိုများအလိုက်(၁) ဧကတွင် (အချင်း ၆ လက်မ/ ၇ လက်မနှင့် အထက်) အပွင့်အရေအတွက်ရရှိမှု၊ တစ်ပွင့်တွင် အစေ့အဆံပါရှိသည့်အရေအတွက် စနစ်တကျမှတ်တမ်းပြုစုထားရန်နှင့် ရိတ်သိမ်းချိန် လေလွင့်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်ဆွေးနွေးမှာကြားခဲ့သည်။ အဆိုပါ ကြံခင်း မြို့နယ်အတွင်းရှိ ကိုင်း၊ ကျွန်းမြေများတွင် နေကြာ၊ စားတော်ပဲ၊ ပဲတီစိမ်း၊ ပဲလွမ်း၊ ကုလားပဲ၊ ဖူးစားပြောင်း၊ ငရုပ်၊ ဟင်းသီးဟင်းရွက်နှင့် ဆေးရွက်ကြီးတို့အား စုစုပေါင်း စိုက်ဧက (၈၆၂) ဧကစိုက်ပျိုးထားရှိကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်အဖွဲ့သည် မြန်အောင်မြို့၊ သဘာဝမီးစက်လမ်းရှိ “ကောင်းသန့်”ဆီစက်သို့သွားရောက်ခဲ့ပြီး မြေပဲ၊ နေကြာဆီများ သန့်စင်ကြိတ်ခွဲထုတ်လုပ်မှု၊ ရောင်း၀ယ်နေမှုများကို လိုက်လံကြည့်ရှုကာ တာဝန်ရှိသူများမှ ဆင်းရွှေကြာ-၂ နေကြာမျိုးနှင့် Super sun-41 နေကြာမျိုး တို့အားစမ်းသပ်ကြိတ်ခွဲထားရှိမှု၊ ဆီထွက်ရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေကြာဆီကြိတ်ခွဲနေမှု၊ အခွံချွတ်စက်ဖြင့် နေကြာခွံချွတ်ခြင်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှာစစ်ဆေးခဲ့ပြီး သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာ ရေးနှင့်ညီညွတ်သည့် ဆီများထုတ်လုပ်နိုင်ရေးနှင့် အဆင့်မီဆီကြိတ်စက်များနှင့် နေကြာဆီများ ပိုမိုထုတ်လုပ်နိုင်ရေးမှာကြားခဲ့သည်။ ထို့နောက် ညောင်မြစ်ဆွဲကျေးရွာရှိ တောင်သူဦးဝင်းစိုး၏ စိုက်ဧက(၁)ဧက၌ Super sun-41 နေကြာမျိုး ဆောင်းနေကြာစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးပြီး မျိုးရွေးချယ်ခြင်းလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်စေရေး၊ ရိတ်သိမ်းချိန် လေလွင့်မှုမရှိ စေရေးနှင့်အောင်မြင်အောင်စိုက်ပျိုးစေရေး မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ မေတ္တာကုန်းကျေးရွာအုပ်စု၊ ကန်ဇင်းကြီးကျေးရွာ တောင်သူ ဦးမိုးကြည် နွေစပါးစိုက်ဧက ၂၅ ဧက တွင် ပျိုးဗန်းဖြင့်ပျိုးထောင်၍ ကောက်စိုက်စက်ဖြင့် စနစ်တကျစိုက်ပျိုးနေမှုများကို ကြည့်ရှု အားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါး၊ နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဆောင်ရွက်နေမှုများ၊ အထွက်တိုးမျိုးစပါးများ ပြောင်းလဲစိုက်ပျိုးစေရေး၊ ခေတ်မီစိုက်နည်းစနစ်များအသုံးပြုစိုက်ပျိုးစေရေး၊ သဘာဝမြေဩဇာ၊ ဓါတ်မြေဩဇာများ အချိုးကျသုံးစွဲစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကြိုးစားဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး နောက် Super sun-41 နေကြာမျိုး ဆောင်းနေကြာ (၁)ဧကစိုက်ပျိုးဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးပြီး ရေပေးခြင်းနှင့်မြေဩဇာကျွေးခြင်းများ ဂရုတစိုက်ဆောင်ရွက်ရန်နှင့် အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)