ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီ အချိန်က ဆင်ပေါင်ဝဲမြို့ အမှတ် (၃) ရပ်ကွက်ရှိ ဘုရားငါးဆူ စေတီတော်မြတ်ကြီးအတွင်း အဆောက်အဦများကို မီးဘေးလုံခြုံရေး အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်းဝင်း ဦးဆောင်၍ လက်ထောက်မီးသတ်ဦးစီးမှူး ဦးချစ်ထွေးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ဘာသာရေးအဆောက်အအုံများတွင် မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အသင့်ထားရှိရေး၊ တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့်ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား လဲလှယ်အသုံးပြုနိုင်ရေး စစ်ဆေးအကြံပေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဆန်းဝင်းမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးများနှင့်ပတ်သက်၍ ဘုရားဂေါပကအဖွဲ့များထံ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့်ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် သတိပေးနှိုးဆော်ခြင်းများ၊ ရပ်ကွက်များအလိုက် တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးခြင်းများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)