ဖျာပုံ ဖေဖော်ဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များအား ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များအား တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်နိုင်ဝင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များ လိုက်ပါ၍ မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ လူနေအိမ်များအတွင်း မီးလောင်နိုင်သည့် လောင်စာဆီများ သိုလှောင်ခြင်းမရှိစေရေး၊ လက်ရှိအသုံးပြုထားသည့် လျှပ်စစ်မီးကြိုးဟောင်းများ၊ မိန်းခလုတ်ခုံများ၊ ဆွေးမြေ့ ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများ အသုံးမပြုရန်၊ မီးသွေးမီးဖို၊ ထင်းမီးဖိုများ၌ အသုံးပြုပြီးသည်နှင့် စနစ်တကျ ငြိမ်းသတ်ထားရန် အိမ်တိုင်း၌ အရေးပေါ် မီးငြှိမ်းသတ်နိုင်သည့် မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်များ၊ ရေကန်များ၊ ရေစည်များ၌ ရေအသင့် ဆောင်ထားကြရန်နှင့် မီးဘေးအန္တရာယ်ကြုံလာပါက မီးသတ်ဦးစီးဌာနသို့ ချက်ချင်း သတင်းပေးနိုင်ရန်အတွက် အရေးပေါ် ဖုန်းနံပါတ်များကို အိမ်တိုင်း မြင်သာသည့်နေရာများ၌ ချိတ်ဆွဲထားရန်၊ မီးဘေးလုံခြုံရေး သတိပေးခြင်းများကို အရှိန်အဟုန်ဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ဖျာပုံမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)