ပွင့်ဖြူ ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီကာလ စားဖိုဆောင်သီးနှံဖြစ်သည့် ငရုပ်သီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၁၂၈၅ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရကာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ငရုပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် တစ်ဧက ပိဿာချိန် ၇၀၀ ကျော် ထွက်ရှိသဖြင့် ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေအပြင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ပါ စိုက်ပျိုးရေအဆင်ပြေစွာရယူသုံးစွဲနိုင်သည့်အတွက် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံအပိုဝင်ငွေရရှိစေရန် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။ အဆိုပါ ဟင်းသီးဟင်းရွက်သီးနှံများ စိုက်ပျိုးရာ၌ စီးပွားရေး တွက်ခြေကိုက်သည့် ငရုပ်သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို ဒေသခံတောင်သူများက စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ထိုသို့ စိုက်ပျိုးလုပ်ကိုင်ရာ၌ စားသုံးသူပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရန်နှင့် ငရုပ်သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (GAP)စနစ် အခြေခံစိုက်ပျိုးရေးနည်းပညာများကို တောင်သူများသိရှိလိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေ စီးပွားဖြစ်စိုက်ပျိုးတဲ့ ငရုပ်စိုက်ခင်းတွေက စိုက်ပျိုးရေအဆင်ပြေမှုကြောင့် အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ယခုဆိုရင် ဒေသခံတောင်သူတွေ ငရုပ်သီးနှံများ ဆွတ်ခူး ရောင်းချနေရပြီဖြစ်ပါတယ်။ အထွက်နှုန်းအနေနဲ့ကတော့ တစ်ဧကကို ငရုပ်သီးနှံပိဿာချိန် ၇၅၀ ပိဿာ ထွက်ရှိပါတယ်။ ငရုပ်သီးနှံက စိုက်ပျိုးပြီး (၂)လခွဲလောက်ဆိုရင် စတင်ဆွတ်ခူးရောင်းချရတာ ဖြစ်ပါတယ်။ ယခုနှစ် ဆောင်းရာသီမှာ ငရုတ်သီးနှံစိုက်ပျိုးမှုက တစ်မြို့နယ်လုံး ၁၂၈၅ ဧက စိုက်ပျိုးထားရှိပြီး ယနေ့အထိ ငရုပ်သီးနှံ ၇၂၀ ဧက ဆွတ်ခူးပြီးစီးသွားပြီဖြစ်ပါတယ်။ စားဖိုဆောင်သီးနှံတွေထဲမှာ ငရုပ်သီးနှံက ဈေးကွက်ရှိတဲ့အတွက် တောင်သူတွေက နှစ်စဉ်အားထားစိုက်ပျိုးလုပ်ကိုင်ကြတယ်။ တောင်သူတွေအများဆုံး စိုက်ပျိုးတဲ့ ငရုပ်သီးနှံက သာမို - ၁၁ ငရုပ်မျိုးဖြစ်ပြီး ငရုပ်ပွနဲ့ ကလော်အော်သီးငရုပ်မျိုးကိုလည်း စိုက်ပျိုးကြပါတယ်။ တောင်သူတွေကိုလဲ စားဖိုဆောင်သီးနှံစိုက်ပျိုးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် GAP စိုက်ပျိုးရေးနည်းစနစ်နဲ့ သွင်းအားစုပစ္စည်းအသုံးပြုပုံ နည်းစနစ်တွေကို သိရှိလိုက်နာနိုင်စေဖို့ ကူညီဆောင်ရွက်ပေးထားပါတယ်" ဟု ပွင်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေအကျိုးအမြတ်ရှိသည့် စားဖိုဆောင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး စားဖိုဆောင်သီးနှံများတွင် ငရုပ်သီးနှံစိုက်ပျိုးရေးလုပ်ငန်းမှာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် အောင်မြင်ဖြစ်ထွန်းမှုရှိကာ ငရုပ်သီးအထွက်နှုန်းများကောင်းမွန်ခဲ့ပြီး ရောင်းချရာတွင်လည်း ဈေးကောင်းရရှိခြင်းကြောင့် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)