နတ်မောက်မြို့၌ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံကွင်းဆင်းစစ်ဆေး

နတ်မောက် ဖေဖော်ဝါရီ ၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ယမန်နေ့မွန်းလွဲပိုင်းက လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

အဆိုပါ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းဆိုင်များတွင် မီးလောင်မှုမဖြစ်ပွားစေရန်နှင့် ဖြစ်ပွားပါက ဆုံးရှုံးမှုတန်ဖိုးလျော့နည်းစေရန် ရည်ရွယ်ပြီး စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းများရှင်နှင့် အရောင်းဝန်ထမ်းများအား မီးဘေးအန္တရာယ်အကြောင်း ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့အပြင် မီးလောင်မှုဖြစ်ပွားပါက မီးငြိမ်းသတ်ရန် နည်းလမ်းများကို ရှင်းလင်းပြောကြားကာ စက်သုံးဆီအရောင်းဆိုင်များတွင် ထားရှိကြသည့် မီးသတ်ဆေးဘူးများ အသုံးပြုရန် ကောင်း/ မကောင်း၊ ရေသိုလှောင်ထားရှိခြင်း ရှိ/ မရှိ အပေါ့စားရေစုပ်စက်များ ကောင်း/ မကောင်း၊ ရေပိုက်ခေါင်းများ ကောင်း/ မကောင်း၊ လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများနှင့် မီးသတ်ယာဉ်များ အသုံးပြုသွားလာနိုင်အောင် အဝင်/ အထွက်လမ်းများ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

လှဝင်း