ရွှေတောင် ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာနေ ဒေါ်မေဇင်ဦး၏ ပြည်ထောင်စုချေးငွေ (၁)ယူနစ် ငွေကျပ် သိန်း(၁၅၀)ဖြင့် အသားစားကြက်(CP) ကောင်ရေ(၄၀၀၀) မွေးမြူထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာနေ ဦးဇော်ဝင်းလှိုင်၏ ရွှေတောင်(ကျီးသဲစည်းလုံခြည်လုပ်ငန်း) စက်ရက်ကန်းရက်လုပ်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် အသေးစားစက်မှုလက်မှု MSMEs ကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးနေမှုအခြေအနေနှင့် လုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် ရင်းနှီးမတည်ငွေများ ထောက်ပံ့ကူညီဆောင်ရွက်နိုင်ရေး ကြည့်ရှုဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ကသဲတန်းလမ်းရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဦးသိန်းထွန်းအောင်နှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ အကျိုးတူပူပေါင်းဆောင်ရွက်လျှက်ရှိသည့် နို့အေးချကန်စက်လည်ပတ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၍ အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့် ရင်းနှီးမတည်ငွေနှင့် နည်းပညာများ ထောက်ပံ့ပေးနိုင်ရေး၊ ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက်၊ တောင်ဘုရားကြီးလမ်းရှိ "မဥမ္မာကျော်" ရွှေတောင်ထမင်းသုပ်၊ ရွှေတောင်နန်းကြီးသုပ်၊ ရွှေတောင်ခေါက်ဆွဲလုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်ရေးနှင့် ပါကင်စက်ဝယ်ယူနိုင်ရေးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်း (၁၀၀) ထုတ်ချေးထားမှုနှင့် စက်ဝယ်ယူ လည်ပတ်ထုတ်ပိုးဆောင်ရွက်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေး၍ နိုင်ငံခြားပို့ကုန်အဆင့်ထိ တိုးချဲ့ထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်း/ပြည်ပစျေးကွက်တွင် အဆင့်မီသည့် ထုတ်ကုန်တစ်ခုအဖြစ် ဖြန့်ချီဆောင်ရွက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်၍ လုပ်ငန်းလိုအပ်အပ်ချက်များအပေါ် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)