ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရအသင်းဖြစ်သော နတ်တလင်းခရိုင်ဘောလုံးအသင်းအား ဂုဏ်ပြုပွဲ ကျင်းပ

နတ်တလင်း ဖေဖော်ဝါရီ ၅

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်ပွဲရ နတ်တလင်းခရိုင်ဘောလုံးအသင်းအား ဂုဏ်ပြုပွဲကို နတ်တလင်းမြို့၊ သာဇီရပ်ကွက်၊ ရွှေလင်းဘိုးဘွားရိပ်သာ၌ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသင်းအုပ်ချုပ်သူ နတ်တလင်းမြို့နယ် အားကစားမှူး ဒေါ်ဝင်းသီရိလှိုင်မှ ပြိုင်ပွဲတစ်လျှောက် ယှဥ်ပြိုင်ခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး အားကစားသမားများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းစိုး၊ မြို့မိမြို့ဖများမှ အားကစားသမားတစ်ဦးလျှင် ဂုဏ်ပြုဆုငွေ (၃)သောင်းကျပ် ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အားကစားသမားများကိုယ်စား အားကစားသမား မောင်ဖိုးသောကြာမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အားကစားသမားများမှ ဘိုးဘွားရိပ်သာအတွက် အလှူငွေ (၁၀၀၀၀၀)ကျပ် လှူဒါန်းခြင်း၊ အောင်ပွဲရအားကစားသမားများအတွက် ဝတ်စုံစရိတ် (၂၅၀၀၀၀)ကျပ်အား တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)