ကျွန်းလှမြို့နယ်၌ ထိုင်ဝမ်ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျွန်းလှ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ယခုနှစ် ဆောင်းရာသီတွင် စိုက်ပျိုးသော ထိုင်ဝမ်ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ကျွန်တော်တို့ ရှမ်းစုကျေးရွာမှာရှိတဲ့ ဒေသခံတောင်သူတွေက ချောင်းရေတင်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးကြပါတယ်။ ပြောင်းကို နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးကြပါတယ်။ အခုဆောင်းရာသီမှာ ထိုင်ဝမ်ပြောင်း နို့ဆီဗူး သုံးဗူး စိုက်ပျိုးထားပြီး ငွေကျပ် တစ်သိန်းကျော် ကုန်ကျပါတယ်။ ပြောင်းစိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်းနေပြီး သီးနှံပေါ်ချိန် ဈေးကောင်းရရှိဖို့ မျှော်လင့်နေပါတယ်” ဟု ပြောင်းစိုက်တောင်သူ ဦးဝင်းက ပြောသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်းစိုက်ပျိုးရန် ၁၃၃၇ ဧက လျာထားပြီး လက်ရှိအချိန်အထိ ၁၂၁၅ ဧက (၉၀ ဒသမ ၈၇) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို