ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၄

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပခဲ့သည်။

ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံမြို့နယ်ဘောလုံးအသင်းနှင့် လှိုင်းဘွဲမြို့နယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဘောလုံး အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ဘားအံမြို့နယ် ဘောလုံးအသင်းက ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရ အဖွဲ့ဝင် များက နေရာအလိုက် အကောင်းဆုံးအားကစားသမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားဆုရရှိသည့် အားကစားသမားများကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်နှင့် ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်တို့က ပူးတွဲတတိယ ဆုရရှိသော ကြာအင်းဆိပ်ကြီးမြို့နယ်ဘောလုံးအသင်းနှင့်ဖာပွန်မြို့နယ် ဘောလုံးအသင်းတို့ အားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက ဒုတိယဆုရ လှိုင်းဘွဲမြို့နယ်ဘောလုံးအသင်းအားလည်းကောင်း တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများကို ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အနိုင်ရဗိုလ်စွဲသွားသော ဘားအံမြိုနယ်ဘောလုံးအသင်းအား တစ်ဦးချင်း လည်ဆွဲဆု၊ ငွေသားဆုတစ်ဆယ့်ငါးသိန်းနှင့် ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အလားတူ ဘားအံမြို့၊ အမိတာရာမရဲကျောင်းတိုက် ဗောဓိမဏ္ဍိုင်မြကန်သာစေတီတော်မြတ်ကြီး၏ (၂၉) ကြိမ် မြောက်ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီက အဆိုပါ စေတီတော်ပရိဝုဏ်အတွင်း၌ဆင်ယင်ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်၍ ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ ဇနီးများသည် အမိတာရာမရဲကျောင်းတိုက်ဆရာတော် ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဂုဏာလင်္ကာရအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ကြီးအမှူး ပြုသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကာ ဗောဓိမဏ္ဍိုင် မြကန်သာစေတီတော် မြတ်ကြီး၏ (၂၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အဆိုပါစေတီတော်ပရိဝုဏ်၌ ဆင်ယင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ များ၊  ဆရာတော်ကြီး၏တပည့်ဒါယကာ၊ ဒါယိကာမများ၊ ဗုဒ္ဓဘာသာနွယ်ဝင် စေတနာရှင်အများ ပြည်သူများက အနယ်နယ်အရပ်ရပ်မှ မူလဒွါရဂိုဏ်းဝင် ဆရာတော်၊ သံဃာတော် ၁၀၈ ပါး၊ သီလရှင် ၁၁ ပါးတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆေး၊ ဆား အစရှိသော လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ် လောင်းလှူ ပူဇော်ခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)