အင်္ဂပူ ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်နှင့် တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ မေတ္တာကုန်းအုပ်စု၊ ကဇင်းကြီးကျေးရွာသို့ ယနေ့မွန်းလွဲ ၁၂နာရီ၁၅မိနစ်အချိန်ခန့်က ရောက်ရှိရာ မြန်အောင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဒေသခံ တောင်သူများက ကြိုဆိုခဲ့သည်။
ထို့နောက် ကဇင်းကြီးကျေးရွာ၊ ကွင်းအမှတ် ၇၆၉၊ ဦးပိုင်အမှတ် (၈၉/၁)ရှိ တောင်သူစောမိုးကြည်၏ လယ်မြေ (၂၅)ဧကတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော (၆)တန်းသွားကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းနိုင်က ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပြီး တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်သူစောမိုးကြည်၏ နေကြာစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)