မကွေးတက္ကသိုလ်၌ လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော် ဒုတိယနေ့ဆက်လက်ကျင်းပ

မကွေး ဖေဖော်ဝါရီ  

လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော်ကို မကွေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ ဖေဖော်ဝါရီလ ၄ ရက် ဒုတိယနေ့တွင် ဆွေးနွေးပွဲများ၊ အားကစားလှုပ်ရှားမှုများ၊ ပြခန်းလှုပ်ရှားမှုများနှင့် ဖျော်ဖြေရေးအစီအစဉ်များတွင် လာရောက်ပါဝင်ဆင်နွှဲကြသည့် ကျောင်းသား၊ ကျောင်းသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မကွေးတက္ကသိုလ်အတွင်း လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားရုံဘေးတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ဘောလုံးဂိုးသွင်း၊ ဘက်စကတ်ဘော ဂိုးသွင်း၊ သုံးထပ်ဆောင်ရှေ့တွင် ဝူရှူးအားကစား၊ မြန်မာ့ရိုးရာသိုင်း၊ မြန်မာ့ရိုးရာခြင်းလုံး သရုပ်ပြပွဲများ၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသည့် ဗလငါး တန်ဖွံ့ဖြိုးရေးဆွေးနွေးပွဲများ၊ ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာ ပြခန်းများဖြစ်သည့် အားကာစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနပြခန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြခန်း၊ မကွေးတက္ကသိုလ်နှင့် မကွေးပညာရေးဒီဂရီကောလိပ်ပြခန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြခန်း၊ ကြက်ခြေနီပြခန်း၊ အသေးစား၊အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများပြခန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြခန်းများကို စုံလင်စွာပြသထားရှိပေးသည့်အပြင် ဖျော်ဖြေရေး အစီအစဉ်များဖြင့် ကဏ္ဍစုံလင်စွာ ဖျော်ဖြေတင်ဆက်လျက်ရှိရာ လာရောက်ပါဝင်ဆင်နွဲကြသည့် ကျောင်းသား၊ ကျောင်းသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် လူငယ်များ ဗလငါးတန် ပြည့်စုံရေးစုံညီပွဲတော်ကို ကျောင်းသားကျောင်းသူများ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ မြင့်မားလာစေပြီး စာပေနှင့် အနုပညာစွမ်းအား၊ အားကစားတို့ဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး မှန်ကန်သည့် အတွေးအခေါ်အယူအဆများနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့ မှ ၄ ရက်နေ့အထိ (၂)ရက်ကြာ မကွေးတက္ကသိုလ်၌ စည်ကားသိုက်မြိုက်စွာ ဆင်နွှဲကျင်းပရာ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းအသီးသီးနှင့် တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များမှ  လာရောက်ပါဝင်ဆင်နွှဲကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)