ချောက်မြို့နယ်၌ ဌာနဆိုင်ရာများမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ချောက် ဖေဖော်ဝါရီ ၄

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ အုံမြားကြီးကျေးရွာတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်​ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အုံမြားကြီးကျေးရွာနေ ပြည်သူများအား အသိပညာပေးဟောပြော​ခြင်းကို အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သိမ့်ဝါက ကလေးအလုပ်သမားနှင့်ပတ်သက်၍ ILO၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဉပဒေ(၂၀၁၉ခုနှစ်) ပြဋ္ဌာန်းချက်များကို အသိပညာပေးဟောပြောခဲ့ပြီး ​မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦး​စော​မြဖောင်းက လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ပေးနိုင်ရေး ကယ်ဆယ်ရေးစည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်မြတ်မြတ်မိုးက စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ ဟောပြောခဲ့ပြီး မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်ဆုဆုဇင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် ထောက်ပံ့​​ပေးနိုင်ရေး ကျေးရွာနေအိမ်များအား ကွင်းဆင်းကြည့်ရှု့ခြင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကျေးရွာတွင်ရှိသော ကုန်မျိုးစုံဆိုင်များအား ကွင်းဆင်း၍ စားသုံးသူကာကွယ်ပေးရေး ဥပဒေပါကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြစေရေး အချက်အလက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)