သရက်မြို့၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

သရက် ဖေဖော်ဝါရီ ၄

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို နယ်စပ်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကီးအောင်ထန်းက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ကလေးအလုပ်သမားပပျောက်ရေးအတွက် မိမိဌာနက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အသက်(၁၈)နှစ်မပြည့်သေးသူကို အန္တရာယ်ရှိသော အလုပ်ခွင်တွင် ခိုင်းစေ၍မရကြောင်း၊ ကလေးအလုပ်သမား၏ အသက်အရွယ်တို့ကို ပြောကြားပေးခဲ့သည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့ရည်က ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကလေးသူငယ်တွေကို အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေပါကချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များကို ပြောကြားပေးခဲ့သည်။ အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်အား ကျောင်းသား/ကျောင်းသူများက ကြည့်ရှုခဲ့ကြပြီး မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီက ထုတ်ဝေခဲ့သည့် ဖန်းခါးမြေ လက်ကမ်းစာစောင်များကို  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)