အ.ထ.က(ပေါက်ခေါင်း)၌(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့်စာပေပြိုင်ပွဲများ ကျင်းပ

ပေါက်ခေါင်း    ဖေဖော်ဝါရီ    ၄

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့်(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ပေါက်ခေါင်းမြို့ အ.ထ.က (ပေါက်ခေါင်း) ကျောင်းခန်းမနှင့် စာသင်ခန်းများ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့်စာပေပြိုင်ပွဲများကို မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အထက်တန်းဆင့် ကျောင်းသား/သူ(၁၂)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးနှင့် မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၂)ဦးတို့က  "ပြည်ထောင်စု‌နေ့နှင့်လူငယ်တာဝန်" ခေါင်းစဉ်(စာစီစာကုံး)နှင့် အထက်တန်းအဆင့်ဆောင်းပါးပြိုင်ပွဲတွင်ကျောင်းသား/သူ (၁၀) ဦးက စည်းလုံးညီညာအောင်ကြောင်းဖြာ” (ဆောင်းပါး) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၄)ဦး၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ(၁၁)ဦး၊ မူလတန်းဆင့် ကျောင်းသား၊ သူ(၁၉) ဦးတို့ “စည်းလုံးခြင်းသည်အင်အား”  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေပြိုင်ပွဲအဖြစ် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အထက်တန်း၊ အလယ်တန်းနှင့်မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးအေးလှိုင်နှင့် ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများက ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရှိသူများကို ပြည်ထောင်စုနေ့အခမ်းအနားတွင် ချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)