မင်းလှမြို့နယ်တွင် မလွန်မြသပိတ် စေတီတော်မြတ်ကြီး ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းရန် ဒုတိယအကြိမ်အလှူငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

အထက်မင်းလှ ဖေဖော်ဝါရီ ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မလွန်ကျေးရွာရှိ မြသပိတ်စေတီတော်ကြီး ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရန် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်ချအခမ်းအနားနှင့် မြသပိတ်စေတီတော်ကြီးကို မြန်မာရွှေ ၁၆ ပဲရည်ပြည့် ရွှေဆိုင်း (၈၀၀) ဆက်ကပ်လှူဒါန်းရန် ဒုတိယအကြိမ်အလှူငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မလွန်စေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်တို့က နမောတသ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး ဘုရားခြောက်ဆူကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံ ယူဆောက်တည်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့သည်။ ထို့နောက် မလွန်မြသပိတ်စေတီတော်ကြီး ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရန် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကျင်းပ ပြုလုပ်ခဲ့ရာ ဆရာတော်သံဃာတော်များနှင့် တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့သည်။

အဆိုပါကပ်လှူပွဲအခမ်းအနားကို တပ်နယ်မှူး(မလွန်)မှ ဗိုလ်မှူးကြီး ရွှေမြနှင့်ဇနီး ဒေါ်တင်တင်သောင်း၊ ဒုတိယဗိုလ်မှူးကြီးနေမင်းထက်၊ တပ်မတော် အကြီးစားစက်ရုံ မလွန် စက်ရုံမှူးနှင့် အရာရှိအရာခံများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မလွန်ကျေးရွာမှ ပါဝင်လှူဒါန်းသူများ တက်ရောက်လှူဒါန်းခဲ့ကြပြီး ယခုဒုတိယအကြိမ်မြောက် ပေးအပ်လှူဒါန်းသည့်အလှူငွေကျပ် စုစုပေါင်း ၅၃,၀၂၃,၇၀၀ ဖြစ်ကြောင်း၊ ပထမအကြိမ်တွင် အလှူငွေ ၂၅,၅၅၂,၀၀၀ လှူဒါန်းနိုင်ခဲ့ပြီး စုစုပေါင်းအလှူခဲ့သည့် အလှူငွေကျပ် ၇၈,၅၇၅,၇၀၀ ရရှိပြီဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)