ကျောင်းကုန်းမြို့နယ် အ.မ.က ဒေါင့်ကွေးကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ

ကျောင်းကုန်း ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဒေါင့်ကွေး ကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က  အဆိုပါကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို Grade 5 မှ ကျောင်းသားကျောင်းသူလေးများက  “ဘက်စုံပညာဂုဏ်ရည်တို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ချီးမြှင့်ထိုက်သူများကို ချီးမြှောက်တဲ့ပွဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကျုံပျော်မြို့နယ်ပညာရေးမှူး ဦးသန်းဦးက အာဆီယံအဆင့်တွင် “Clean and Green “ဆုရရှိတဲ့ကျောင်းဖြစ်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများနှင့်မိဘပြည်သူများ ပူးပေါင်းဆောင်ရွက်ကြလို့ ဝမ်းသာပါကြောင်း ပြောကြားခဲ့ပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး(ငြိမ်း)ဦး ဝင်းရှိန်က ဝမ်းမြောက်စကား ပြောကြားခဲ့သည်။ အ.မ.က ဒေါင့်ကွေးကျောင်း အုပ်ဆရာကြီး ဦးထွန်းနိုင်လင်းက ယခုလိုစည်ကား သိုက်မြိုက်စွာကျင်းပနိုင်ခြင်းဟာ ကျောင်းသားမိဘများ ပူးပေါင်းပါဝင်ကူညီလှူဒါန်းခြင်းကြောင့်ဖြစ်ကြောင်း၊ အခမ်းအနားသို့ တက်ရောက်ပေးပါသော မြို့နယ်စီမံအုပ်ချုပ်ရေးအ ဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းကော်မတီဝင်များ၊ကျောင်းသားမိဘများအား ကျေးဇူးတင် ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး၊ ဖျော်ဖြေရေး အစီအစဉ်အဖြစ် K G မှGrade 5 ထိကျောင်း သားကျောင်းသူလေးများက ဖျော်ဖြေရေးအဖွဲ့ (၁၃)ဖွဲ့ဖြင့် ကပြသီဆိုခဲ့ကြရာ ကျောင်းအုပ် ဆရာကြီးနှင့်ကျောင်းသားမိဘများက ဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)